ဝန်ထမ်းသစ်တစ်ယောက်အနေနဲ့ အထက်အရာရှိ (သူဌေး) ထံတွင် မျက်နှာရအောင် လုပ်နည်းများ
ကိုဟိန်း ကလောင်နာမည်နဲ့ စာစတင်ရေးတုန်းကတော့ တော်တော်များများ ရေးဖြစ်တာက CV ရေးနည်း၊ Resume ရေးနည်း၊ အင်တာဗျူးဖြေနည်းတွေ ဖြစ်ပါတယ်။ အဲ့ဒီအချက်တွေ ကိုအကောင်းဆုံးလုပ်နိုင်လို့ အလုပ်ရပြီ ဆိုပါစို့ ။ အလုပ်ခွင်မှာ ကိုယ့်အထက်အရာရှိ (သူဌေး) က သင်အပေါ် အမြင်ကောင်းဖို့ အရေးကြီးပါတယ်။ ဘယ်အချိန်မှာအရေးကြီးလည်းဆိုတော့ အလုပ်ဝင်ဝင်ခြင်း အချိန်မှာပါပဲ။ အဲ့ဒီအတွက် ကိုယ်လုပ်တဲ့အရာမှန်သမျှဟာ အထက်အရာရှိ အသိအမှတ်ပြု သဘောကျဖို့ လိုပါတယ်။ ဒါပေမယ့် အဲ့ဒီလို လုပ်ဖို့ လည်း အင်မတန်ခက်ခဲလှပါတယ်။ CV ရေးတာထက်လည်း ခက်မယ်။ အင်တာဗျူးဖြေတာထက်လည်းခက်မယ်။ ၀န်ထမ်းသစ် တော်တော်များများ ကျဆုံးကြတာလည်း အဲ့ဒီအချိန်မှာပါပဲ။ အထက်အရာရှိရဲ့  first impression ကို မယူဖြစ်လိုက်တာပါ။ အဲ့ဒီအတွက် first impression ကို ဘယ်လို ရအောင်ယူမလဲဆိုတဲ့ အချက်လေးတွေကို ရေးသားလိုက်ခြင်းဖြစ်ပါတယ်။
(၁) အလုပ်စ၀င်တဲ့အချိန်အတွက် မေးခွန်းများကို ပြင်ဆင်ပြီးလာပါ။
အလုပ် မ၀င်ခင် တစ်ရက်လောက်အလို မှာ ကိုယ့်အထက်အရာရှိကို အလုပ်နဲ့ ပက်သက်တာတွေ မေးဖို့ အတွက် list လုပ်လာခဲ့ပါ။ ဟုတ်ပြီ။ ဘာတွေ မေးမလဲ။
သင့်ရဲ့ တာဝန်တွေကို သေချာနားလည်စေဖို့ အတွက် မေးခွန်းတွေ စဉ်းစားပါ။ ဒါ့အပြင် company ရဲ့  လုပ်ဆောင်ချက်တွေ၊ company သူဌေးရဲ့ ရည်မှန်းချက်တွေ၊ ဆောင်ရန်ရှောင်ရန်တွေ ကိုမေးဖို့ စဉ်းစားထားပါ။ သင့်အထက် အရာရှိရဲ့  အလုပ်အပေါ်ထားတဲ့ ရည်မှန်းချက်ကို လည်း ပေါ်လွင်လာစေမည့် မေးခွန်းမျိုးကို လည်း စဉ်းစားထားပါ။
တစ်ခု အရေးကြီးတာကတော့ မေးတဲ့မေးခွန်းတွေမှာ သင့်အပြစ်လွတ်ဖို့ ၊ ပြဿနာ မဖြစ်ဖို့  အဲ့ဒီလို ကိုယ်လွတ်ရုန်းတဲ့ မေးခွန်းတွေ မဖြစ်သင့်ပဲ သင့်ကို အဖွဲ့ ဝင်ကောင်းတစ်ယောက်အနေနဲ့ မြင်တွေ့ စေနိုင်မယ့် မေးခွန်းတွေ ဖြစ်ပါစေ။
(၂) အချိန်မှန်ခြင်းဟာ ယဉ်ကျေးခြင်းရဲ့ ဥသျှောင်ပါ။
အင်တာဗျူးဖြေစဉ်က သင်ဘယ်လို အချိန်မှန်ကြောင်း၊ တိကျကြောင်း ပြောလျှင် ပြောခဲ့ပေလိမ့်မည်။ အလုပ်သစ်ရဲ့ ပထမဦးဆုံး နေ့ မှာ ရုံးနောက်ကျတာ၊ ပထမဆုံးအပတ်မှာ အလုပ်နောက်ကျတာတွေက boos ရဲ့ သင့်အပေါ်မှာထားရှိမယ့် first impression ကို အများကြီး အကျိုးသက်ရောက်မှု ရှိသွားပါပြီ။
ရုံးအချိန်မှန်မှန်သွားပါ။ သင့်ကို ရွေးချယ်လိုက်တဲ့အတွက် သင့်ရဲ့  boss နောက်တ မရပါစေနဲ့ ။
(၃) ရေးမှတ်ပါ။
သင့်မှာ ရေးမှတ်တဲ့အကျင့် ရှိချင်မှ ရှိပေလိမ့်မည်။ သို့ ပေမယ့် လုပ်ငန်းခွင်မှာ အောင်မြင်ချင်တယ်ဆိုလျှင်တော့ အလုပ်ဝင်စမှာ လုပ်ရမည့်အချက်၊ အရေးကြီးသည့်အချက်များအားလုံးကို ရေးမှတ်ပါ။ အထက်အရာရှိက တစ်ကြိမ်ပြောလိုက်ရုံနဲ့  လုံလောက်သွားတဲ့သူ ဖြစ်ပါစေ။
(အရမ်းအရေးကြီးပါတယ်။ ဘာလို့ လည်းဆိုတော့ ဒီအချိန်မှာ company ရဲ့ အရေးအကြီးဆုံး ပေါ်လစီတွေကို သင့်ကို ပြောပြတဲ့ အချိန်မို့ လို့ ပါ။ နောက်ပြီး လူတိုင်းက သင့်ကို ၀န်ထမ်းအသစ် တစ်ယောက်အနေနဲ့ အလေးပေးထားတဲ့အချိန် ဖြစ်တဲ့အတွက် Information တော်တော်များများကို သဘောထားကြီးစွာ ရှင်းလင်းပြတဲ့အချိန် ဖြစ်တဲ့အတွက် ဖြစ်ပါတယ်)
(၄) သင့်ရဲ့ တာဝန်များထက် ကျော်လွန်ပြီး လုပ်ဆောင်နိုင်ပါက လုပ်ဆောင်ပါ။
တစ်ခါတစ်ရံ လုပ်ရမယ့် တာဝန်ထက် ကျော်ပြီး တာဝန်ပေးခိုင်းစေခံရတတ်ပါတယ်။ (ဥပမာ သင့်ရဲ့  တာဝန်က ငွေစာရင်း ကိုင်ရတဲ့ accountant ဖြစ်ပေမယ့် အဲ့ဒီ တာဝန်ထက်ကျော်ပြီး မန်နေဂျာ အဆင့်လုပ်ရတဲ့ budget reportလိုမျိုး ရေးခိုင်တာမျိုး တာဝန်ပေးခံရတတ်ပါတယ်)။ အဲ့ဒီအခါမှာ သင့်မှာ လုပ်နိုင်တဲ့ အရည်အချင်း၊ အတွေ့ အကြုံ ရှိပါက မငြင်းဆိုပဲ လက်ခံ တာဝန်ယူလိုက်ပါ။ အဲ့ဒီအခါမှ သင့်ကို လေ့လာသင်ယူလွယ်တဲ့သူအဖြစ် အသိအမှတ်ပြုခံရပါလိမ့်မယ်။ သင့်ကို လည်း နောက်တစ်ဆင့် ရာထူးအတွက် သင့်လျော်တဲ့သူအဖြစ်လည်း မြင်သွားပါလိမ့်မယ်။
(၅)သင့်ရဲ့ အထက်အရာရှိနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့ ။
သင့်ရဲ့ အလုပ်နဲ့ သင့် အထက်အရာရှိရဲ့ အချိန်ရမှုပေါ် မူတည်ပြီး အချိန်မှန်တွေ့ နိုင်မယ့် အချိန်ဇယားကို ရေးဆွဲထားပါ။ တစ်ပတ်ကို ၁၀ မိနစ် ဖြစ်ဖြစ်၊ နာရီဝက် ဖြစ်ဖြစ် တွေ့ နိုင်အောင် ကြိုးစားပါ။ ဖြစ်နိုင်လျှင် လူချင်းတွေ နိုင်အောင်ကြိုးစားပါ။ တွေ့ ဆုံချိန်အတွင်းမှာ သင်လုပ်ဆောင်ခဲ့သမျှ သူသိအောင် ပြောဆို ဆွေးနွေးပါ။ သူထံ မှလည်း ရှေ့ ဆက်လုပ်ရမည့် အချက်များကို မေးမြန်းပါ။
သင်ဆက်သွယ်ပြောဆိုသမျှမှာ သင်လုပ်ခဲ့တဲ့ အောင်မြင်မှုတွေ၊ ရလဒ်တွေ ပေါ်လွင်ပါစေ။
(၆) သင့်ရဲ့ အထက်အရာရှိအပေါ် အကောင်းမြင်တဲ့ စိတ်ထားပါ။
အလုပ်ဝင်စမှာ ကြုံရတတ်ပါတယ်။ သင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက အထက်အရာရှိမကောင်းကြောင်း၊ သူဌေးမကောင်းကြောင်းတွေကို သင့်ကို လာပြောပါလိမ့်မယ်။ သူတို့ ပြောတာ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီ စကားတွေကို နားမယောင်ပါနဲ့ ။ ဘာလို့ လည်းဆိုတော့ နားယောင်လိုက်ခြင်းဖြင့် သင့်ရဲ့ အထက်အရာရှိအပေါ် လေးစားမှု လျော့နည်းသွားနိုင်ပါတယ်။ အဲ့ဒီအခါမှာ သူ့ ပြောသမျှ တန်ဖိုးရှိစကားတွေကို လေးလေးစားစား မှတ်ယူမှု မရှိဖြစ်သွားတတ်ပါတယ်။ အဲ့ဒီအခါမှာ သင့်ရဲ့ ရှေ့ လျှောက် လုပ်ရမည့် အလုပ်အတွက် အနှောက်အယှက် ဖြစ်လာပါလိမ့်မယ်။
(ရ) သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအကြောင်းသိအောင်ကြိုးစားပါ။
ထမင်းစားချိန်၊ အလုပ်နားချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောပါ။ သူတို့ ဘာလုပ်တယ်ဆိုတာကို သိအောင်ကြိုးစားပါ။ သူတို့ လုပ်တဲ့တာဝန်နဲ့ သင့်တာဝန် ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာကို နားလည်အောင်ကြိုးစားပါ။ တစ်ချိန်တည်းမှာ သင့်အကြောင်း၊ သင့်ရဲ့ အလုပ်အပေါ်ထားရှိသော စိတ်ထား၊ သင့်ရဲ့ အတွေ့ အကြုံ တွေကို သူတို့ သိအောင် လုပ်ပါ။
(၈) အမှားကို ၀န်ခံပါ။ တာဝန်ယူပါ။
အလုပ်စစ ၀င်ခြင်းမှာ အရာရာကို မသိသေးတဲ့အတွက် အမှားလုပ်မိတတ်ပါတယ်။ အဲ့ဒီအခါမှာလည်း အမှားကို တာဝန်သိသိ ၀န်ခံပါ။ လက်ခံပါ။ သင်ယူပေးတာကို အလေးထားပါ။ ဆူခံထိတာကိုလည်း နားလည်ပေးလိုက်ပါ။ ဒါပေမယ့် နောက်တစ်ကြိမ် ဒီအမှားမျိုး မမှားအောင် သတိထားရပါမယ်။
(၉) တီထွင်ဖန်တီးပါ။
မိမိ ဆီမှာ တီထွင် ဖန်တီးနိုင်သော စိတ်ကူးစိတ်သမ်းကောင်းများ ရှိနေတယ်ဆိုတာကို အထက်လူကြီးသိပါစေ။ အလုပ်တာဝန်များကို ရှေ့ က လုပ်ထားခဲ့သလို ပဲ မလုပ်ဘဲ ဘယ်လို လုပ်လျှင် ပိုပြီး အဆင်ပြေမည်၊ ပို ထိရောက်မည်တို့ ကို အမြဲ သုံးသပ်တီထွင်ပါ။ အောင်မြင်လျှင် အထက်လူကြီးကို တင်ပြပါ။ ရှေးရိုးလမ်းအတိုင်း ပဲ မလိုက်ပါနဲ့ ။ (သတိပြုရမည့်အချက်ကတော့ မိမိ အထက်လူကြီးက အယင် က မိမိနေရာမှာလုပ်သွားတဲ့သူဆိုလျှင်တော့ သတိထားတင်ပြပါ။ သူကြိုက်မကြိုက်ကို အယင်ဆုံး သိရှိအောင် ကြိုးစားပါ)
(၁၀) မျှဝေပါ။
သင့်မှာရှိတဲ့အတွေ့ အကြုံ ၊ အတတ်ပညာတွေကို အခြားသူများ၊လုပ်ဖော်ကိုင်ဖက်များကို မျှဝေပါ။ သင်ပေးပါ။ (မှတ်ချက်။ ဆရာကြီးလုပ်ခိုင်းတာမဟုတ်ပါ။ တကယ်သင်ယူချင်သူကို သင်ပေးပါ)။ ထိုအချက်ကို သင့်ရဲ့ အထက်အရာရှိက သတိပြုမိပါလိမ့်မယ်။ နောက်တစ်ချက်ကတော့ သင့်အနေနဲ့  resourceful ဖြစ်ပါစေ။ သင့်ထံမှာ တန်ဖိုးရှိတဲ့ အချက်အလက်များ အကြံဥာဏ်များ ရှိနေအောင်ကြိုးစားပါ။ အခြားသူများကို အကြံပေးနိုင်အောင် ကြိုးစားပါ။
ဒီအချက် ၁၀ ချက်ကို သင့်တော်သလို အသုံးချမယ်၊ လိုက်နာမယ်ဆိုလျှင်တော့ သင့်အနေနဲ့ အလုပ်ခွင်သစ်မှာ သရဖူဆောင်းနိုင်မှာပါ။ အခြားနည်းလမ်းတွေ မရှိတော့ဘူးလားဆိုတော့ ရှိတာပေါ့။ ဒါပေမယ့် သင့်တော်မယ်လို့ မထင်တဲ့အတွက် သင့်တော်မယ့် နည်းလမ်းတွေကို ပဲ ရေးသားလိုက်ပါတယ်။
အားလုံးအလုပ်ခွင် အသစ်မှာ အောင်မြင်နိုင်ကြပါစေ။
ကိုဟိန်း (Prospect Myanmar)
Comments
Post a Comment