မိမိ ရဲ့ စွမ်းဆောင်နိုင်စွမ်း၊ ထုတ်လုပ်နိုင်စွမ်းကို ကျဆင်းစေနိုင်သည့် နေ့ စဉ် လုပ်လေ့ရှိသော အရာ ၁၀ ခု
သင်တို့ အနေနဲ့ အောင်မြင်မှုဆိုတာကို ဘာနဲ့ တိုင်းတာပါသလဲ။ ပိုက်ဆံနဲ့ လား၊ စိတ်ပျော်ရွှင်မှုနဲ့ လား၊ ရာထူးရာခံနဲ့ လား။ တစ်ဦးချင်းဆီရဲ့ ခံယူချက်ပေါ်ပဲ မူတည်မယ်လို့ ထင်ပါတယ်။
ဒါတွေ ကို ခဏထားပြီး လက်တွေ့ ကျတဲ့ တစ်နည်းတွေးကြည့်ရအောင်။ အောင်မြင်မှုနဲ့ မအောင်မြင်မှုရဲ့ ကွားခြားချက်ကို အချိန်တို အတွင်းမှာ အလုပ်ဘယ်လောက်များများ ပြီးမြောက်အောင်မြင်နိုင်သလဲ ဆိုတာနဲ့ တိုင်းတာကြည့်ရအောင်လား။ အောင်မြင်တဲ့သူဟာ အချိန်တိုအတွင်း အလုပ်များများ ပြီးစီးပြီး ရလဒ်များများ ရတယ်ဆိုပါစို့ ။ အဲ့ဒီလို ရလဒ်များများ နဲ့ အောင်မြင်မှု မရအောင် ဟန့် တားနိုင်တာတွေကတော့ အောက်မှာ ဖော်ပြထားတဲ့ အချက် ၁၀ ချက်ပါပဲ။
ဒါကြောင့် အောင်မြင်ချင်တဲ့ သူဟာ အောက်မှာ ရှိတဲ့ အချက်တွေကို နေ့ စဉ်ဘ၀တွေ မှာ ရှောင်ကြဉ်သင့်ပါတယ်။
ဒါကြောင့် အောင်မြင်ချင်တဲ့ သူဟာ အောက်မှာ ရှိတဲ့ အချက်တွေကို နေ့ စဉ်ဘ၀တွေ မှာ ရှောင်ကြဉ်သင့်ပါတယ်။
၁။ ပထမဦးဆုံးကတော့ အိပ်ရေးမ၀ခြင်း ပါပဲ။ လုံလောက်တဲ့အိပ်စက် အနားယူမှု မရှိတာကို ဆိုလိုတာပါ။ အချို့ လူတွေကတော့ ခံယူထားတတ်ပါတယ်။ နည်းနည်းပဲ အိပ်ခြင်းအားဖြင့် အလုပ်လုပ်ဖို့ အချိန် ပို ရနိုင်ပါတယ်တဲ့။ အချိန်ကတော့ ပိုရနိုင်ပါတယ်။ ဒါပေမယ့် အိပ်ရေးမ၀တဲ့ အတွက် အချိန် သာ ပို ရပေမယ့် စွမ်းဆောင်ရည်ကတော့ ကျဆင်းသွားမှာ အမှန်ပါပဲ။ နောက်ဆုံး ပြန်လည် သုံးသပ်ကြည့်လိုက်ယင် ရလဒ်က လုံလောက်တဲ့ အိပ်စက်မှု ရှိထားတဲ့ သူ နဲ့ တူတူ သွားပြီး ဖြစ်နေပါလိမ့်မယ်။
ဥပမာ ညဘက်ကို မအိပ်ဘဲ စာကျက်ဖူးတဲ့သူတွေ ရှိမှာပါ။ အိပ်သာ မအိပ်ပေမယ့် စာတော်တော် ပြီးသွားလားဆိုတာ မေးခွန်းထုတ်စရာ ရှိပါတယ်။ ကျွန်တော် လည်းကျက်ဖူးပါတယ်။ ဒါပေမယ့် အချိန်တော်တော်များများက ငိုက်နေတာ များပါတယ်။ မိဘတွေကတော့ အော်..ငါ့သားလေး ကြိုးစားလိုက်တာလို့ ထင်သွားပါတယ်။ တကယ်ကတော့ ထိုင်ခုံမှာ ထိုင်ပြီး ငိုက်နေတာပါ။ ရလိုက်တဲ့ စာက နည်းနည်း လေးပါပဲ။

၂။ နောက်တစ်ခုကတော့ ကျွန်တော်မနေ့ က ရေးထားတဲ့ ထဲမှာ လဲ ပါတဲ့ multitasking ပါပဲ။ အချိန်ကာလ တစ်ခု အတွင်းမှာ အလုပ်မျိုးစုံကို တပြိုင်နက်လုပ်နေတာကို ဆိုလိုပါတယ်။ တော်တော်များများကတော့ အဲ့လို လုပ်နိုင်တာကို ဂုဏ်ယူပါတယ်။ ဒီနေ့ ကျွန်တော် ကြည့်လိုက်တဲ့ အလုပ်ခေါ်စာ တစ်ခုမှာကို “able to perform multitasks” ဆိုပြီးကို ရေးထားပါတယ်။ မှန်ပါတယ်။ Multitasking ကို နိုင်တာ ဟာ pressure/stress ကို ကောင်းကောင်း management လုပ်နိုင်တာကို ပြပါတယ်။ သင့်ရဲ့  လုပ်ဆောင်နိုင်စွမ်းရည်ကို အဆုံးစွန် အသုံးချ တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အမြဲတမ်း multitasking လုပ်တာတော့ မကောင်းပါဘူး။ ဘာလို့ လည်းဆိုတော့ ကိစ္စ တစ်ခုတည်းကို အာရုံစိုက်တာထက် ကိစ္စ အများကြီးကို တပြိုင်နက်လုပ်နေတာ ဟာ ကြာလာယင် လူကို လည်း စိတ်ပင်ပန်း လူပင်ပန်းစေတယ်။ ရလာတဲ့ ရလဒ်တွေကလည်း အရည်အသွေးကျသွားနိုင်တာပါပဲ။ ဒါကြောင့်မို့ လို့ multitask လုပ်နိုင်အောင်တော့ ကြိုးစားသင့်တယ်။ လုပ်နိုင်တဲ့ အရည်အချင်း ရှိသင့်တယ်။ ဒါပေမယ့် နေ့ တဓူဝတော့ မလုပ်သင့်ပါဘူး။
၃။ မကောင်းတဲ့ စိတ်ထား ရှိနေခြင်း က လည်း အနှောက်အယှက်တစ်ခုပါပဲ။ တစ်ခါတစ်ရံ အလုပ်မှာ လူတစ်ယောက်ကြောင့်ဖြစ်စေ၊ ကိစ္စ တစ်ခု ကြောင့်ဖြစ်စေ၊ အလုပ် အပေါ် မှာ မကောင်းတဲ့ စိတ်ထားလေး တစ်ခု ပေါ်လာတတ်တယ်။ အဲ့ဒါဆိုယင်တော့ သင်ဘယ်လောက်ပဲ အလုပ်လုပ်နေပါစေ အဲ့ဒီ စိတ်ထားလေး ရှိနေသရွေ့  ရလဒ်တွေကကောင်းလာနိုင်ဖို့ ရာခဲယဉ်းသွားပါပြီ။ သင်ကိုယ်တိုင်လည်း အလုပ်မှာ ပျော်ရွှင်မှု မရှိနိုင်တော့ပါဘူး။
၎။ ပတ်ဝန်းကျင်မှာ ဆူညံမှု များ ရှိနေခြင်းကလည်း အနှောက်အယှက် တစ်ခုပါပဲ။ တစ်ခါတစ်ရံ ကိုယ်က အလုပ်ကို အာရုံစိုက်နေတဲ့အတွက် ပတ်ဝန်းကျင်က ဆူညံနေတာတွေကို သတိမထား မိတာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီ ဆူညံမှုတွေ ရှိနေတဲ့အတွက် သင်အာရုံစိုက်လုပ်ဆောင်နေတဲ့ အလုပ် က အောင်မြင်သင့်သလောက် မအောင်မြင်တော့ပါဘူး။
ဘယ်လိုအသံမျိုးလည်းဆိုတော့ အလုပ်မှာ ဖုန်းတဂွမ်ဂွမ်လာနေတာမျိုး (သင်က ဖုန်း ဖြေဆိုရတဲ့ တာဝန် ယူထားတာဆိုယင်တော့ အကြောင်းမဟုတ်ပေးမယ့် သင်က တစ်ခုခုကို အာရုံစိုက်လုပ်နေရတဲ့သူဆိုယင်တော့ အဲ့ဒီ ဖုန်းသံက သင့်ကို အနှောက်အယှက်ဖြစ်စေမှာ အမှန်ပါပဲ)။
ဒါကြောင့်မို့ လို့ အလုပ်ပြီးမြောက်အောင်မြင်ချင်တယ်ဆိုယင် ပတ်ဝန်းကျင်က အသံတွေကို တတ်နိုင်သမျှ လျော့ချ နိုင်အောင်ကြိုးစားသင့်တယ်။ (ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာ အတွင်းကို ဆိုလိုတာပါ)။

၅။ လုပ်သမျှအလုပ်အားလုံး အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားနေခြင်းကလည်း သင့်ကို အနှောက်အယှက် ဖြစ်စေမှာအမှန်ပါပဲ။ အလုပ်ကို အကောင်းဆုံးဖြစ်အောင် မိမိ တတ်နိုင်တဲ့အတိုင်းအတာအတွင်း ကြိုးစားတာ ကလက်ခံလို့ ရပါတယ်။ ကြိုးလည်း ကြိုးစားသင့်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ မိမိ ရဲ့ ထိန်းချုပ်နိုင်မှု စည်း ရဲ့ အပြင်ဘက်မှာ ရှိတဲ့ အရာတွေရဲ့  လွှမ်းမိုး မှုလည်း ရှိပါသေးတယ်။ အဲ့ဒီ လို လွှမ်းမိုးမှုတွေ ရှိနေတဲ့ အလုပ်ကို ၁၀၀ ရာခိုင်နှုန်း perfect ဖြစ်အောင်ကြိုးစားမယ်ဆိုယင်တော့ သင့်ဟာ pressureတွေ stress တွေနဲ့ အပြည့်ဖြစ်နေမှာ အမှန်ပါပဲ။ ဒါကြောင့် မိမိရဲ့ လုပ်ဆောင်နိုင်စွမ်းကို နားလည်ပါ။ အရာတစ်ခု အပေါ်မိမိရဲ့  လွှမ်းမိုးနိုင်စွမ်း ဘယ်လောက်ရှိတဲ့ဆိုတာကို နားလည်အောင်ကြိုးစားပါ။
၆။ အဓိကနှင့် သာမည ကို ခွဲခြား မဆုံးဖြတ်နိုင်ခြင်း ကလည်း သင့်ရဲ့  လုပ်ဆောင်နိုင်မှုကို ကျဆင်းစေပါမယ်။ လုပ်ငန်းခွင်မှာ လုပ်စရာအလုပ်တွေ၊ deadline တွေက တန်းစီနေမှာပါ။ တပြိုင်နက်တည်းမှာ လုပ်စရာ ၅ ခု ၆ ခု လောက် ရှိနေမှာပါ။ အဲ့ဒီမှာ အရေးကြီးတာကတော့ အဓိကနဲ့  သာမည ခွဲခြားတတ်ဖို့ ပါပဲ။ ဘယ်ဟာကတော့ အဓိကကျပြီး ဦးစားပေးလုပ်သင့်တယ်။ ဘယ်ဟာကတော့ နောက်မှလုပ်လည်း အဆင်ပြေတယ်ဆိုတာကို သိထားဖို့ လိုပါတယ်။ (နောက်မှ urgent/important ခွဲခြားနည်း အကြောင်းကို သီးသန့် ရေးပါဥိးမယ်)
၇။ နောက်တစ်ခုကတော့ ကျွန်တော်တို့ ရဲ့ မင်းသားကြီးဖြစ်တဲ့ social networking တွေပေါ့။ ဖေ့ဘွတ်လည်း အပါအ၀င်ပါပဲ။ အလုပ်လုပ်နေတုန်း social network တွေသုံးတာဟာ မိမိရဲ့ လုပ်ဆောင်နိုင်မှု၊ ထုတ်လုပ်နိုင်မှုကို ကျဆင်းစေပါတယ်။ social network က အလုပ်တွေ အတွက် တကယ့်ကို အနှောက်အယှက်ပါပဲ။
အခုခေတ်မှာ အရမ်းကို ခေတ်စားလာပါတယ်။ နေရာတိုင်းမှာ ဖြစ်နေပါပြီ။ ဈေးဆိုင်က ဈေးရောင်းတဲ့သူကလည်း viber သုံးနေတဲ့အတွက် ဈေးဝယ်ကို ကောင်းကောင်း မဆက်ဆံချင်တော့ပါဘူး။ ကျွန်တော် ဆံပင်သွားညှပ်တယ်။ ပြီးတော့ ခေါင်းပါလျှော်တယ်။ အယင်က ခေါင်းလျှော်ယင် သေချာ ကျကျနန လျှော်ပေးပါတယ်။ နောက်ပိုင်း ခေါင်းလျှော်ပေးတဲ့ ကောင်လေးတွေဟာ လျှော်မယ့် သူမရှိယင်ဖုန်းနဲ့ အချိန်ကုန်နေပါတယ်။ လျှော်မယ်လို့ ပြောလိုက်ယင် စိတ်မပါ့တပါ နဲ့ ထလာပြီး ပြီးပြီး ရော လုပ်တာတွေ ကြုံဖူးပါတယ်။
ကျွန်တော့် အဖေ အိမ်ဆောက်တုန်းက ဆို သူတော်တော် ဒေါသထွက်ခဲ့ပါတယ်။ အိမ်ဆောက်ဖို့ လာတဲ့ အလုပ်သမားလေးတွေအားလုံးက ဖုန်းလေးကိုယ်စီနဲ့ ။ အလုပ်လုပ်တာ နည်းနည်း ဖုန်းသုံးတာ များများ ဖြစ်နေပါတယ်။ ဒါက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြုံနေရတာတွေပါ။

၈။ ရှုပ်ပွနေတဲ့ အလုပ်ခွင်ကလည်း ၀န်ထမ်းတွေရဲ့  စွမ်းဆောင်ရည်၊ ထုတ်လုပ်နိုင်မှု စွမ်းရည်ကို ကျဆင်းစေပါတယ်။ သုတေသန လုပ်ထားတာတွေကို ရှိပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် စွမ်းဆောင်နိုင်မှုကောင်းတဲ့ သူ တစ်ယောက် ဖြစ်ချင်လျှင်တော့ သင့် အလုပ်ခွင်၊ အလုပ်ပတ်ဝန်းကျင်ကို အနည်းဆုံး တစ်ပတ် တစ်ခါလောက် သန့် ရှင်းရေး လုပ်ပါ။
၉။ နောက်တစ်ခုကတော့ အခြားသူ ကို အကူအညီမတောင်းတတ်တာပါ။ တစ်ခါတစ်ရံမှာ ငါပဲ အားလုံးလုပ်နိုင်တယ်။ ငါပဲ လုပ်ရမယ် ဆိုတဲ့ စိတ်ထားမျိုးထားတတ်ပါတယ်။ အခြားသူကို အကူအညီတောင်းပြီး လွှဲပြောင်းပေးတာမျိုး လုပ်လေ့ မရှိတတ်ကြဘူး။ သူတစ်ပါးကို အကူအညီတောင်းရတာဟာ ရှက်စရာ မဟုတ်ပါဘူး။ သင့်ရဲ့ လုပ်ဆောင်နိုင်မှုကို ကျော်နေပြီဆိုလျှင်တော့ အကူအညီတောင်းသင့်ပါတယ်။
၁၀။ နောက်ဆုံးတစ်ခုကတော့ ဖြစ်ချင်တာတွေ များနေတာပါ။ Goals တွေ၊ ရည်မှန်းချက်တွေ အများကြီး ရှိနေတာပါ။ အဲ့ဒီအခါမှာ ဘယ်ဟာကို ဦးတည်ပြီးဘယ်ဟာကို အာရုံစိုက်ရမယ်ဆိုတာ မသိတော့ပါဘူး။ နောက်ဆုံးတော့ ဘယ် ရည်မှန်းချက်မှ မအောင်မြင်တာမျိုး ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်တဲ့ သဘာဝကျတဲ့ ရည်မှန်းချက်၊ goal နည်းနည်းကို သာ ဦးတည်ပြီး လုပ်သင့်ပါတယ်။ ဒါမှ မဟုတ်လည်း အချိန်ကာလနဲ့ သတ်မှတ်ပြီး ဘယ်အချိန်မှာတော့ ဘာဖြစ်အောင်လုပ်မယ်။ ဘယ်အချိန်မှာတော့ ဘယ် goal ရအောင်လုပ်မယ်ဆိုတာမျိုး လုပ်သင့်ပါတယ်။
အထက်မှာ ရေးခဲ့တဲ့အရာတွေကတော့ နေစဉ်လုပ်ငန်းခွင်မှာ သင့်ရဲ့ လုပ်ဆောင်နိုင်မှု စွမ်းရည်၊ ထုတ်လုပ်နိုင်မှု စွမ်းရည်တွေကို ကျဆင်းစေနိုင်တဲ့ အကြောင်းအရာ ၁၀ ခုပဲဖြစ်ပါတယ်။
စာဖတ်သူအားလုံး အလုပ်ခွင်မှု စွမ်းဆောင်ရည်မြင့်မားပြီး ထုတ်လုပ်နိုင်မှု ရှိတဲ့သူတွေ ဖြစ်ကြပါစေ။

ကိုဟိန်း (Prospect Myanmar)
Comments
Post a Comment