အင်တာဗျူး ဖြေနေစဉ်အတွင် လုပ်လေ့ လုပ်ထ ရှိသည့် မှားယွင်းသော Body Langauge (ကိုယ်ခန္ဓာ အမူအရာများ) များ
အဲ့လိုမျိုး Body Language တွေ ရှိတဲ့ထဲကမှ အင်တာဗျူးနေတဲ့ အချိန် ဒါမှမဟုတ် အရေးကြီးတဲ့ စကားဝိုင်းမှာ ကိုယ်ဝင်ပါနေရတဲ့ အချိန်မှာ လုံးဝ မပြုမူ သင့်တဲ့ Body Language တွေ အကြောင်းကို ပြောပြချင်ပါတယ်။
Body Language တော်တော်များများဟာ ကိုယ်စိတ်က မသိလိုက်ပဲ မသိစိတ်က ပြုမူသွားတာမျိုး က များပါတယ်။ ကိုယ်က ဘယ်လောက် ဟန်ဆောင်ပြီး ကြိုး စား ပြုံးနေပေမယ့် မသိစိတ်က ကိုယ့် ရဲ့  ကြောက်ရွံ့ မှု စိတ်လှုပ်ရှားမှုတွေကို ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခုခုကနေ ဖော်ပြနေတတ်ပါတယ်။
တစ်ခါတစ်ရံမှာလည်း ထိန်းချုပ်ဖို့ ခဲယဉ်းပါတယ်။ ဥပမာ အင်တာဗျူးဖြေလို့ စိတ်လှုပ်ရှားနေတဲ့အချိန်မှာ ဘာလုပ်မိလို့ လုပ်မိမှန်းမသိဖြစ်တတ်ပါတယ်။ ဒါပေမယ့် အကုန်လုံးကို မထိန်းချုပ်နိုင်ယင်တောင် ကိုယ့်အနေနဲ့ ကိုယ်ပြုမူတတ်တဲ့ မကောင်းတဲ့ အမူအရာလေးတွေကို သတိထားပြီး လူအများရှေ့ မှာ မလုပ်မိဖို့ ကို ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။
အင်တာဗျူး မှာ ပါဝင်တဲ့ အချို့ အချို့ သော Human Resource professional တွေ ဟာ body language ကို ဖတ်ရာမှာ အထူးပင် ကျွမ်းကျင်ကြပါတယ်။ အင်တာဗျူးနေတဲ့ အချိန်မှာ ဖြေနေတဲ့သူ ရဲ့ စကားကိုတင်မက ပဲ ထိုသူရဲ့ Body language ကို ပါ ဖတ်နေတယ်ဆိုတာ သတိပြုမိစေချင်ပါတယ်။ အဲ့လို Professional Expert တွေနဲ့ အင်တာဗျူးဖြစ်ယင် အရမ်းကို သတိထားရပါမယ်။
အောက်ပါ အချက် တွေကတော့ အင်တာဗျူးမှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အမှားတွေ ဖြစ်ပြီး အထူးသတိပြု ရှောင်ရှားရပါမယ်။ အဲ့ဒီအချက်လေးတွေထဲက မိမိ အနေနဲ့  စိတ်လှုပ်ရှားချိန်မှာ ဘယ်လို အပြုအမူတွေ လုပ်တတ်လဲ ဆိုတာ စဉ်းစားပါ။ ပြီးယင် အဲ့ဒီလို မလုပ်ဖြစ်အောင် အတတ်နိုင်ဆုံး သတိ ရှိအောင် နေပါ။
ခုံ ပေါ်တွင် ထိုင်နေစဉ် အနေအထား မမှန်ခြင်း
ခုံပေါ်တွင် ထိုင်နေစဉ် နောက်မှီကို မှီပြီး သက်တောင့်သက်သာ ပုံစံ မထိုင်သင့်ပါ။ အဲ့ဒီလို ထိုင်ပါက သင့် ပုံစံသည် ပျင်းရိနေသယောင်၊ ဒါမှမဟုတ် မာနကြီးပြီး မောက်မာ သယောင် ပေါက်သွားပါတယ်။
ခုံပေါ်တွင် ထိုင်နေစဉ် ရှေ့ ကို လည်း အရမ်း ငိုက်ပြီး မထိုင်သင့်ပါ။ အဲ့လို ထိုင်ပါက အရမ်းကို လောကြီးလွန်းနေသယောင် စိတ်ဆတ်နေသယောင် ဆောင်ပါတယ်။
မျက်လုံးခြင်း မဆုံမိအောင် နေခြင်း။
အင်တာဗျူးမယ့်သူနဲ့ စစတွေ့ ခြင်း လက်ဆွဲနှုတ်ဆက်သည်ဖြစ်စေ ပြုံးပြီး နှုတ်ဆက်သည်ဖြစ်ပါစေ သူနဲ့ မျက်လုံးခြင်းဆုံအောင် ကြိုးစားပါ။ အဲ့ဒီလို ဆုံလိုက်ခြင်းအားဖြင့် မိမိနဲ့ သူနဲ့  စိတ်ခြင်း ဆက်သွယ်မှု တစ်ရပ်ကို ဖန်တီးပေးလိုက်ပါတယ်။
အင်တာဗျူးနေတဲ့အချိန်အတွင်းလည်း အင်တာဗျူးတဲ့သူနဲ့  မျက်လုံးခြင်းဆုံအောင် နေပါ။ သူ ရဲ့  အကြည့်ကို ရှောင်ပြီး ခေါင်းငုံခြင်း မျက်စိလွဲခြင်း မလုပ်ပါနဲ့ ။ အင်တာဗျူးတဲ့သူက တစ်ယောက်ထက်ပိုယင် အားလုံးကို အလှည့်ကျ မျက်စိခြင်း ဆုံမိပါစေ။ အကောင်းဆုံးကတော့ မေးခွန်းမေးတဲ့သူကို ပြန်ဖြေတဲ့ အခါမှာ သူ့ နဲ့ မျက်စိဆုံအောင် နေပါ။ တစ်ယောက်တည်းကို လည်း စုံအောင်နေပြီး ကျန်တဲ့သူတွေကို လျစ်လျူရှုမိတာမျိုးမဖြစ်ပါစေနဲ့ ။ အဲ့ဒီအခါယင် မိမိမှာ Attention Defecient ရှိတယ်ဆိုပြီး သတ်မှတ်ခံရပါလိမ့်မယ်။
မျက်လုံးခြင်း ဆုံဖို့ ကို ရှောင်ပြေးနေလျှင် မိမိသည် မရိုးသားသူ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိသူ အနေနဲ့  သတ်မှတ်ခံရပါလိမ့်မယ်။
(မှတ်ချက်။ မျက်လုံးခြင်း ဆုံရမယ် ဆိုတဲ့အတွက် အတင်းကာရော သွားပြီး စိုက်ကြည့်လို့ မရပါ။ အကယ်လို့ များ ကိုယ်က မျက်လုံးခြင်း ဆုံးအောင်ကြိုးစားတာကို အင်တာဗျူးတဲ့သူက ရှောင်ပြေးယင်တော့ ကိုယ်က အတင်းလိုက်ပြီးဆုံးအောင် မလုပ်ပါနဲ့ တော့)
လက်ပိုက်ထားခြင်း
အင်တာဗျူးနေတဲ့အချိန်မှာ လက်ပိုက်ထားခြင်းမပြုရပါ။ လက်ပိုက်ထားခြင်းဖြင့် မိမိသည် ဆန့် ကျင်တတ်သူ၊ တစ်ခုခုကို အလွယ်တကူ လက်မခံချင်သူ၊ ပေါင်းသင်းရခက်သူ အနေနဲ့ သတ်မှတ်ခံရတတ်ပါတယ်။
လက်ကို အောက်တွင်ချထားခြင်း၊ စားပွဲပေါ်သို့ သက်သောင့်သက်သာ တင်ထားခြင်း လုပ်သင့်ပါတယ်။
လက်ကို စားပွဲပေါ်တင်ထားပါကလည်း လက်ကို မှောက်မထားသင့်ပါ။ လက်ကိုမှောက်ထားပါက မိမိသည် ပွင့်လင်းမှု မရှိ သော သူအနေနဲ့ ထင်ခံရနိုင်ပါတယ်။ လက်ကို ပက်လက် အနေအထား (သို့ ) တခြမ်းစောင်း အနေအထား ထားသင့်ပါတယ်။
ခေါင်း အဆတ်မပြတ်ညိတ်ခြင်း (အရာအားလုံးကို ထောက်ခံခြင်း)
မိမိသည် အင်တာဗျူး တဲ့သူ (သို့ ) အလုပ်ရှင်ပြောသမျှကို တဆတ်ဆတ် ခေါင်း ညိတ်စရာမလို ပါဘူး။ ခေါင်းကို တော်သင့်ရုံ ညိတ်ယင်ရပါတယ်။  
လက်ကို နောက်ဖက်တွင်ထားခြင်း၊ ဘောင်းဘီအိပ်ထဲသို့ ထည့်ထားခြင်း။
တစ်ခါတစ်ရံ အချို့ သော အင်တာဗျူးများတွင် မိမိ က မတ်တပ်ရပ်ပြီး စကားပြောရခြင်းမျိုး သင်တန်းပေး ရခြင်းမျိုး လုပ်ခိုင်းတတ်ပါတယ်။ အဲ့ဒီအခါမှာ လက်ကို အနောက်ဖက်တွင်ထားခြင်း ဘောင်းဘီ အိတ်ထဲ နှိုက်ထားခြင်း မလုပ်သင့်ပါဘူး။ အဲ့ဒီလို လုပ်လိုက်ခြင်းအားဖြင့် မိမိ သည် ပေါင်းသင်းရခက်သူ၊ စည်းရုံးရခက်သူ အနေနဲ့ ထင်မြင်ယူဆ ခံရတတ်ပါတယ်။ ဒါ့အပြင် မောက်မာသယောင် ဖြစ်သွားပါတယ်။
စကားနဲ့ အမူအယာ မှားယွင်းခြင်း။
အရမ်း စိတ်လှုပ်ရှားတဲ့အချိန်မျိုးတွေ မှာ ကိုယ်ပြောလိုက်တဲ့စကားနဲ့  ကိုယ်လှုပ်ရှားလိုက်တဲ့ အမူအရာက လွဲမှားသွားတတ်ပါတယ် (ဥပမာ သဘောတူပါတယ်လို့ ပြောလိုက်တဲ့အချိန်မှာ ခေါင်းခါလိုက်မိတာမျိုး၊ မျက်မှောက်ကြုတ်မိလိုက်တာမျိုးတွေပါ)။
အဲ့လိုမျိုး ဖြစ်သွားယင် ဒီလူသည် တကယ့်စိတ်ရင်းနဲ့ သဘောတူတာ မဟုတ်ဘူး တကယ့် စိတ်ရင်းနဲ့ ပြောတာ မဟုတ်ဘူးလို့ ယူဆနိုင်ပါတယ်။
မျက်စိကစားလွန်းခြင်း
မျက်စိကို တတ်နိုင်သလောက် အင်တာဗျူးတဲ့သူတွေ ဆီမှာပဲထားပါ။ အခန်းတစ်ခန်းလုံးကို မျက်စိ ကစားပြီး လျှောက်ကြည့်နေခြင်း၊ ဖြတ်လျှောက်သွားသူ မှန်သမျှကို ကြည့်ခြင်း မလုပ်သင့်ပါဘူး (စာရေးသူ ကိုယ်တွေ့ ပါ။ တစ်ခါက စာရေးသူ ရဲ့ စာတမ်းပြုစုတာကို supervise လုပ်ပေးမယ့် Professor တစ်ယောက်နဲ့  စကားပြောနေတဲ့အချိန်မှာ စာရေးသူက ဘေးပတ်ဝန်းကျင်ကို မျက်စိကစားပြီး ကြည့်လိုက်မိပါတယ်။ အဲ့ဒီအခါမှာ အဲ့ဒီ professor က ချက်ခြင်း ပဲ စကားစ ဖြတ်ပြီး မင်း စိတ်မပါယင် နောက် တစ်ခါ ထပ်လာခဲ့ဆိုပြီး ထထပ်သွားပါတယ်။ အတော်ကို တောင်းပန်လိုက်ရပါတယ်)။
ငေး မောခြင်း
တစ်ခါတစ်ရံ စကားပြောနေယင်းနဲ့  အဝေးကို မျှော်ကြည့်တတ်ပါတယ်အထူးသဖြင့် ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်တတ်ပါတယ်။ အဲ့ဒါကို လည်း သတိထား ရှောင်ကြဉ်ရပါမယ်။
ရှုပ်ထွေးလွန်းလှသော (သို့ ) နားလည်ရခက်သော လှုပ်ရှားမှုများပြုလုပ်ခြင်း
ရှားတော့ရှားပါတယ်။ တစ်ခါတစ်ရံ စိတ်အရမ်းလှုပ်ရှားတဲ့အခါမှာ ဘယ်လို မှ နားမလည်နိုင်တဲ့ လှုပ်ရှားမှုများ ပေါ်လာတတ်ပါတယ်။ ဥပမာ နှာခေါင်းကို ခနခန ပွတ်မိခြင်း၊ ဘောပင်ကို အဖုံးဖြုတ်လိုက် ပြန်တတ်လိုက်လုပ်မိခြင်း၊ လက်ဆစ်များကို ချိုးမိနေခြင်း၊ အံကြိတ်ခြင်း၊ စတာတွေပါ။ အဲ့ဒါတွေက အင်တာဗျူးမေးတဲ့သူအတွက်လည်း မိမိ အပေါ်နားလည်ရခက်သွားစေပါတယ်။
အထက်ပါအကြောင်းတွေက တော့ အင်တာဗျူးမှာ လုပ်လေ့ လုပ်ထ ရှိတဲ့ မှားယွင်းသော Body Lanague တွေပါ။ အင်တာဗျူးမှာတင်မကပါဘူး ကိုယ့်အတွက် အရေးကြီးလှတဲ့ အခမ်းအနားများတွင်ပါ သတိထားရှောင်ကြဉ်သင့်ပါတယ်။
နောက်များမှ အချိန်ရလျှင် Body Language Basic အကြောင်းနဲ့  micro gesture အကြောင်းတွေကို ရေးပါဦးမယ်။ ပုံနဲ့ တကွ ဖော်ပြပေးနိုင်အောင်ကြိုးစားပါ့မယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုဟိန်း (Prospect Myanmar)
Comments
Popular posts from this blog
အလုပ်ထွက်စာမှာ ဘာတွေပါဝင်သင့်သလဲ။
အိမ်မွေးတိရိစ္ဆာန်လေးများကိုမကျွေးသင့်သောအစားအစာများ
TeamWork အကြောင်း